ပွင့်ဖြူ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်(၈၇)ခုအား ယနေ့နံနက် ၁၀ နာရီက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လေလံရောင်းချပေးခဲ့ရာ သက် တမ်းတိုး လေလံဆွဲဝယ်ယူလိုသော လုပ်ငန်းရှင်များက အရပ်ရပ်အခွင့်အရေး လိုင်စင်(၇၂)ခုကို သက်တမ်းတိုးစနစ်ဖြင့် ပြန်လည်ဝယ်ယူခဲ့ကြကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် အရပ်ရပ်အခွင့်အရေး လိုင်စင်များကို သက်တမ်းတိုးလေလံစနစ်ဖြင့်လည်းကောင်း၊ ဈေးပြိုင်စနစ်ဖြင့်လည်းကောင်း သတ်မှတ်လေလံစည်းကမ်းချက်များနှင့်အညီ စနစ်တကျ ရောင်း ချပေးလျက်ရှိရာ ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်(၈၇)ခု တွင် သက်တမ်းတိုး လေလံဆွဲဝယ်ယူလိုသော လုပ်ငန်းရှင်များက အရပ်ရပ်အခွင့်အရေးလိုင်စင်(၇၂)ခုကို ပြန်လည်လုပ်ကိုင်လိုသည့်အတွက် သက်တမ်းတိုး စနစ်ဖြင့် ပြန်လည်ရောင်းချပေးခဲ့ပြီး ရောင်းချရန်ကျန်ရှိသော အရပ်ရပ်အခွင့်အရေး လိုင်စင်(၁၅)ခုကို ဈေးယှဉ်ပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချရာ၌ လေလံဆွဲဝယ်ယူလိုသူမရှိသဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် တတိယအကြိမ် ဈေးယှဉ်ပြိုင်စနစ်ဖြင့် လေလံရောင်းချပွဲ ထပ်မံကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဈေးယှဉ်ပြိုင်စနစ်ဖြင့် ရောင်းချရန်ကျန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင်(၁၅)ခုမှာ ကျောင်းတော်ရာ ဆိတ်ခုံ(၁ ၊ ၂ )၊ လယ်ကိုင်းဆိတ်ခုံ(၁ ၊ ၂)၊ ကုန်းဇောင်းဝက်ခုံ(၁ ၊ ၂ )၊ မဲဇလီဝက်ခုံ(၁ ၊ ၂ )၊ ဖလံကျင်းဝက်ခုံ(၁ ၊ ၂ )၊ ရွာသစ်ကလေးဝက်ခုံ(၁ ၊ ၂ )၊ ရှောက်တောဈေးကောက်၊ ဖလံတောကူးတို့နှင့် ဆိပ်ကမ်းကောက်လိုင်စင်တို့ ဖြစ်ကြောင်း သိရပြီး ဈေးပြိုင်စနစ်ဖြင့် လေလံဝယ်ယူ လုပ်ကိုင်သူများအနေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်ထားသော လျှောက်လွှာနှင့်အတူတင်ပြ၍ ကိုယ် တိုင်လေလံဆွဲဝယ်ယူနိုင်ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )