အမာ ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင် ကာကွယ်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အမာမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယနေ့ နံနက် ၉ နာရီက မြို့ပေါ်(၄) ရပ်ကွက်နှင့်အနီးရှိ ကျေးရွာများအတွင်း လှည့်လည် ကြေညာခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုးသည် နိုင်ငံအများအပြားတွင် ကူးစက်ပြန့်နှံ့မှု များပြားလာနေပြီဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်လည်း ရောဂါပိုး တွေ့ရှိသူများရှိနေပြီ ဖြစ်သဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် နည်းလမ်းများနှင့်အညီနေထိုင်ကြရန်၊ မိမိတွင်ရောဂါပိုး ကူးစက်ခံရသည် ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှုခံယူကြပါရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကိုလည်း အကြိမ်ရေပြည့်စွာ မပျက်မကွက် ထိုးနှံကြပါရန် Hand Speaker များဖြင့် လိုက်လံနှိုးဆော် ကြေညာ ခဲ့ကြကြောင်း သိရသည်။
အမာ(ပြန်/ဆက်)