ကြာအင်းဆိပ်ကြီး ဖေဖော်ဝါရီ ၁၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာရမည့် အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဦးစီးဌာနတို့မှပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် မြို့မဈေးအတွင်း၌ အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် အဆိုပါ ဦးစီးဌာနနှစ်ခုမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ် -၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများလိုက်နာရမည့် အချက်များကို နှိုးဆော်ပေးရာတွင် မျိုးကွဲသစ် အိုမီခရွန်ရောဂါတွင် ကိုဗစ်ကူးစက်ခံရဖူးသူများ ပြန်လည် ကူးစက်နိုင်ခြင်း၊ ကိုဗစ်ကာကွယ်ဆေးများ၏ ထိရောက်မှုနှုန်းလျော့ချနိုင်ခြင်း၊ ကလေးများနှင့်အသက် ၃၀ အောက် လူငယ်များတွင် ပိုမိုကူးစက်နိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင် သာနေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သွားလာကြရန် ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကား ပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်၊ ဆောင်ရန်/ရှောင်ရန် အချက်များအား လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မျိုးမင်းဦး