ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ကရင်၊မြန်မာ နှစ်ဘာသာဖြင့် ဆောင်ရွက်

ရှမ်းရွာသစ်  ဖေဖော်ဝါရီ ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါနှိုးဆော်ချက်များတွင် အတတ်နိုင်ဆုံး အိမ်အတွင်း၌သာနေထိုင်ကြရန်၊ အခြားသူများထံသို့ သွားရောက် လည်ပတ်ခြင်းမပြုကြရန်၊ အရာဝတ္ထုပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပါဖြင့် စနစ်တကျ ဆေးကြောကြရန်၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်ဖြင့်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ကြရန်၊ သန့်ရှင်း လတ်ဆက်သော အစားအသောက်များကို ရွေးချယ်စားသုံးကြရန်၊ အစားအသောက်များကို ကျက်အောင် ချက်ပြုတ်စားသောက်ကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနက အချိန်နှင့်တပြေးညီ ထုတ်ပြန်သော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးကြပါရန်၊ မိမိတို့၌ ရောဂါပိုးရှိသည်ဟု သံသယဝင်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှု ခံယူကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကွင်းဆက် ပြတ်တောက်ရန်အတွက် မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြရန် စသည့်အချက်များကို ပိုးကရင်၊ မြန်မာ နှစ်ဘာသာဖြင့် ရပ်ကွက်များအတွင်း လှည့်လည်၍ Hand Speaker ဖြင့် အသိပညာပေး နှိုးဆော် ခဲ့ကြကြောင်း သိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)