သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်

သရက်ချောင်း ဖေဖော်ဝါရီ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦး၏ ကြီးကြပ်မှုဖြင့် သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သရက်ချောင်းမြို့နယ်၊ မီးသတ် ဦးစီးဌာနနှင့် သရက်ချောင်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ယမန်​နေ့ည ၆ နာရီအချိန်က မြို့ပေါ် ရပ်ကွက်များဖြစ်သော မြို့မရပ်ကွက်၊ ကျောက်မြောင်းရပ်ကွက်တို့တွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံ့မှု နိုင်ငံအရေအတွက် ပိုမိုများပြားလာပြီး မိမိတို့နိုင်ငံတွင်လည်း ကူးစက်မှု ရှိလာပြီဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် လူစုလူဝေးရှောင်ရှားပါ၊ အပြင်ထွက်တိုင်း Mask တပ်ပါ၊ လက်ကို စနစ်တကျ မကြာခဏ ဆေးကြောပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ပါ၊ မိမိနေအိမ်များတွင် လေဝင်လေထွက် ကောင်းအောင်ပြုလုပ်ပါ၊ အိမ်အပြင်သို့ ထွက်လေ့ရှိသူများ အနေဖြင့် အိမ်ရှိ အသက်(၆၀)နှစ်နှင့်အထက်သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုး၊ နှလုံး စသည့်နှာတာရှည်ရောဂါ အခံရှိသူများနှင့် နီးကပ်စွာနေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ အသွားအလာ တားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြား၍ နေထိုင်စခြင်း (Quarantine) လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ပါ၊ ကျန်းမာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ လုပ်ငန်းများ၊ ကဏ္ဍများအလိုက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော လုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ပါ၊ ကိုရိုနာဗိုင်းရပ် ရောဂါ သံသယလက္ခဏာများဖြစ်သည့် ကိုယ်အပူချိန်တက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း ရုတ်တရက် အနံ့အရသာပျောက်ခြင်းများ ပေါ်ပေါက်ပါက သက်ဆိုင်ရာကို ဆက်သွယ်၍ စောစီးစွာကုသမှုခံယူပါ၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်းအသိပေး၊ သတိပေးပါ၊ ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံပါ၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာဆောင်ရွက်ကြရန် အသိပေးနိုးဆော်ခဲ့သည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အထက်ပါ စည်းကမ်းများအား လိုက်နာဆောင်ရွက်ကြ ရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကိုလည်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

နန်းခလိုက်(သရက်ချောင်း)