တနင်္သာရီမြို့တွင် ကိုဗစ်ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ရောင်းချနေမှု ရှိ/မရှိ စားသောက်ဆိုင် များအား ရှောင်တခင်စစ်ဆေး

တနင်္သာရီ ဖေဖော်ဝါရီ ၁၇

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ကော်မတီဝင်ဌာနဆိုင်ရာများက ယမန်နေ့နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်အတွင်း စားသောက်ဆိုင်များအား ကိုဗစ်ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ရောင်းချနေမှု ရှိ/မရှိအား ရှောင်တခင် စစ်ဆေး၍ အသိပညာပေးမှုများ ဆောင်ရွက်ကြကြောင်း သိရသည်။

ယင်းသို့စားသောက်ဆိုင်များအား စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးတင်ထွန်းအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စိုးအောင်၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သီသီခိုင်၊ ကျန်းမာရေးဌာန ဆရာမနှင့် မီးသတ် တပ်ဖွဲ့ဝင်များပါသော ပူးပေါင်းအဖွဲ့က စားသောက်ဆိုင်ရောင်းချသူများ လိုက်နာရမည့်အချက်များ၊ ဆိုင်ထိုင် စားသုံးသူများ အစုအဖွဲ့ အလိုက် စားသုံးခြင်းမပြုဘဲ လိုက်နာရမည့် စည်းကမ်းချက်များပါသော အသိပေး ဗွီနိုင်း ကြော်ညာများ ကပ်ထားကြေငြာထားရှိစေရေး၊ ဈေးရောင်းသူများ ပါးစပ်နှင့်နှာခေါင်းစည်း Mask နှင့် Facesheld ကို စနစ်တကျ ဝတ်ဆင်လျက်ရောင်းချစေရေး၊ ဆိုင်အရှေ့မှာ လက်သန့်ဆေးရည်/ဆပ်ပြာရည်နှင့် လက်ဆေး ဘေစင်ထားရှိ၍ ဆိုင်အတွင်းမဝင်မီ စနစ်တကျ စက္ကန့်(၂၀)ကြာအောင် လက်ဆေးစေရေး..စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းကို မပျက်မကွက် လိုက်နာကြပါရန် အသိပေးပညာပေးကာ Mask များ အခမဲ့ ဖြန့်ဝေပေးကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း