စစ်ကိုင်း ဖေဖော်ဝါရီ ၁၇
စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှကြီးမှူး၍ စားသုံးသူကာကွယ်ရေး အသိပညာ ပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က အဖွင့်အမှာစကား ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တာဝန်ခံက သောက်ရေသန့်နှင့် အစားအသောက်ထုတ်လုပ်ခြင်း/ ရောင်းချခြင်း ဥပဒေနှင့် နည်းဥပဒေများအကြောင်းကို လည်းကောင်း၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ဒုတိယခရိုင်ကျန်းမာရေး ဦးစီးမှူးက အစားအသောက်နှင့် ဆေးဝါးများ ထုတ်လုပ်ရောင်းချခြင်းကို သက်မှတ်စည်းကမ်းများအတိုင်း ဆောင်ရွက်မှုမရှိပါက ထုတ်လုပ်/ ရောင်းချ၍ မရကြောင်း၊ အကယ်၍ ထုတ်လုပ်/ ရောင်းချပါက ကျခံရမည့် ပြစ်မှု/ ပြစ်ဒဏ်များကို လည်းကောင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စားသုံးကာကွယ်ရေး ဥပဒေအကြောင်းများကို ဆွေးနွေးပေးခဲ့ကြသည်။
ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် ထုတ်လုပ်/ ရောင်းချသူ လုပ်ငန်းရှင်များ၊ ဈေးများအတွင်းသို့ စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်