ဘားအံ ဖေဖော်ဝါရီ ၁၆
တပို့တွဲလသည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ထမနဲထိုးသည့် လတစ်လဖြစ်သည်နှင့်အညီ ကရင်ပြည်နယ်အစိုးရ အဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ သီရိကွင်း၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲသို့ ဌာနဆိုင်ရာများနှင့်အသင်းအဖွဲ့များ စုစုပေါင်း ၃၈ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထမနဲထိုးပြိုင်ပွဲ၏ အနှစ်သာရမှာ စုပေါင်းညီညာခြင်းဟူသည့် အဓိပ္ပါယ်ကို ဖော်ဆောင်ခြင်းဖြစ်ကြောင်း၊ ထမနဲ ကောင်းခြင်း၊ ဆိုးခြင်းသည် ထမနဲထိုးသူများ၏ စုပေါင်းညီညာစွာ အပေးအယူမျှမျှတတ မခိုမကပ်ဘဲ တာဝန်ကိုယ်စီဖြင့်ဆောင်ရွက်မှသာ ထမနဲကောင်းခြင်း၏ရလာဒ်ကိုဖြစ်ပေါ်စေနိုင်ပြီး စုပေါင်းညီညာမှု မရှိလျှင် ထမနဲကောင်းခြင်း ဖြစ်မလာနိုင်ကြောင်း၊ ကရင်ပြည်နယ်အတွင်း နှစ်စဉ်ထမနဲထိုးပြိုင်ပွဲကိုကျင်းပရာတွင် ညီညွတ် ခြင်းနှင့်ရိုးရာအလေ့အထကို ပေါ်လွင်စေသည့်ပွဲတော် အဖြစ် ဦးတည်ကျင်းပခြင်းဖြစ်ကြောင်း၊ ထမနဲထိုးခြင်းဖြင့် ဌာနတစ်ခု နှင့်တစ်ခု၊ လူတစ်ဦးနှင့်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုနှင့် ပျော်ရွှင်စေရန်အဓိက ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာယဉ်ကျေးမှုထမနဲထိုးပြိုင်ပွဲ စတင်ယှဉ်ပြိုင်နိုင်ပြီဖြစ်ကြောင်း မောင်းတီးအချက်ပေးကြေညာခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက အိုးစည်၊ ဒိုးပတ်၊ အတီး၊ အမှုတ်၊ အကအခုန် များဖြင့် မြန်မာ့ရိုးရာထမနဲထိုးယှဉ်ပြိုင်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြိုင်ပွဲဝင်ထမနဲထိုးအဖွဲ့များ ယှဉ်ပြိုင်မှုအပြီး ဒိုင်အဖွဲ့များ အမှတ်ပေးအကဲဖြတ်နေစဉ်ကာလတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအထိမ်းအမှတ် မီးပုံးများ လွှတ်တင်ခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက အထူးဆုရရှိကြသည့်အသင်းများအား အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က နှစ်သိမ့်ဆုရရှိသည့်အဖွဲ့များကိုလည်းကောင်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကိုက ပဉ္စမဆုနှင့် စတုတ္ထဆုရအဖွဲ့များကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါ်နန်းဘေဘီမြင့်က တတိယဆုနှင့် ဒုတိယဆုရအဖွဲ့များကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပထမဆုရ ပြည်နယ်သစ်တော ဦးစီးဌာနကိုလည်းကောင်း အသီးသီးဆုများပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)