ကံမ ဖေဖော်ဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ဂျွန်းထောင်ကျေးရွာမှ မီးဘေးသင့် အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးအောင်ကိုထွန်းနှင့် အဖွဲ့ဝင်များ၊ သရက်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများမှ ယမန်နေ့ နေ့လယ် ၃ နာရီက ထောက်ပံ့ငွေနှင့် ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးရာတွင် မီးဘေးသင့်အိမ်ထောင်စု (၅)စုအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ အိမ်ထောင်စုတစ်စုလျှင် ဆန် (၆)ပြည်၊ သရက်ခရိုင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ အိမ်ထောင်စု (၅)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး (၅၃၃၉၀၀)ကျပ်နှင့် အိမ်ထောင်စု တစ်စုလျှင် ကယ်ဆယ် ရေးပစ္စည်း (၁၇)မျိုးစီတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း