ရေနံချောင်းမြို့နယ်၊ ကုက္ကိုကွကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အသိပညာပေး ကွင်းဆင်းဟောပြော

ရေနံချောင်း ဖေဖော်ဝါရီ ၁၆

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ကုက္ကိုကွကျေးရွာအုပ်စု၊ ကုက္ကိုလ်ကွကျေးရွာတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရေး အသိပညာပေးဆွေးနွေးခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အတွက် ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်းနှင့် ပြည်သူများ အနေဖြင့် အင်တိုက် အားတိုက် ပူးပေါင်းပါဝင် ကူညီကြစေလိုကြောင်း ဆွေးနွေးခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းဌေးက ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးတင်အောင်ဦးက ကုက္ကိုကွကျေးရွာရှိ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆွေးနွေးခြင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်မှ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုး‌မိုးရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြပြီး ကျေးရွာ ရပ်မိ ရပ်ဖများက ပြန်လည်တင်ပြဆွေးနွေးမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငြိမ်းငြိမ်းအိ