ကံမ ဖေဖေါ်ဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နေ့လည် ၁ နာရီက ထန်းလေးပင်ကျေးရွာနှင့် အင်းဘဲကျေးရွာများသို့ သွားရောက်ပြီး ကျေးရွာအထောက်အကူပြု ကော်မတီဝင်များ ရပ်မိရပ်ဖများ ရာအိမ်မှူး ဆယ်အိမ်မှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ သောက်သုံးရေရရှိရေး၊ မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းနေအရွယ် ကလေးများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး သတ်မှတ်ဆေးထိုး အကြိမ်ရေပြည့်မီအောင် ထိုးနှံကြရန်တို့အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ရှင်းလင်း ဆွေးနွေးပြောကြားပြီး မြို့နယ်ဌာနဆိုင်ရာများမှလည်း မိမိတို့ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကျေးရွာရပ်မိ ရပ်ဖများနှင့် ဒေသခံပြည်သူများ မိမိတို့ရပ်ရွာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းများနှင့်စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း