ငရုတ်ကောင်း ဖေဖော်ဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့(အထက)တွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးတို့အတွက် ငရုတ်ကောင်းမြို့နယ် မြေမီးသတ်စခန်းမှ ကျောင်းသူ၊ ကျောင်းသားများအား မီးငြိမ်းသတ်ခြင်း ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၁နာရီက (အ.ထ.က) ကျောင်းဝန်းရှေ့တွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငရုတ်ကောင်းမြို့နယ် မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရအောင်က (အ.ထ.က)ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ရာတွင် မီးသတ်ဆေးဗူး အသုံးပြုပုံနှင့် မီးငြိမ်းသတ်နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မီးသတ်တပ်ဖွဲ့မှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရအောင်နှင့် တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြိမ်းသတ်နည်းများ သရုပ်ပြခြင်း၊ မီးသတ်ဆေးဗူး ကိုင်တွယ်အသုံးပြုပုံများအား လက်တွေ့ရှင်းလင်းသရုပ်ပြခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်နေမှုအား ငရုတ်ကောင်းမြို့ (အ.ထ.က)မှ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဦးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)