ပွင့်ဖြူ ဖေဖော်ဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covishield ထိုးနှံပြီးကာလ ခြောက်လနှင့်အထက်ရှိသူ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ သာသနာ့အနွယ်ဝင်ဆရာတော်၊ သံဃာတော်များနှင့်သီလရှင်များကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ စတင်ကာ Booster Dose ကာကွယ်ဆေး နေ့စဉ် ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်စံပြကျေးရွာရှိ ဒေသခံပြည်သူများကို နယ်လှည့်ကွင်းဆင်းပြီး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးရာသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းလုပ်ငန်းကို ပြည်သူများ လာရောက်ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ဖြင့် နေ့စဉ်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံပေးရာ၌ ပြည်သူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ထိုးနှံပေးသည့်အပြင် အသက်အရွယ် ကြီးရင့်သူများနှင့် သွားလာရေး အခက်အခဲရှိသူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများအဖွဲ့က ရပ်ကွက်/ ကျေးရွာများအရောက် နယ်လှည့်ကွင်းဆင်း၍ ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။ ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက ပွင့်ဖြူမြို့နယ်စံပြကျေးရွာရှိ သာသနာ့ပါလဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံဆောင်ရွက်ပေးရာ ဒေသခံပြည်သူ ၉၀ ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )