ဖားဆောင်း ဖေဖော်ဝါရီ ၁၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး COVISHIELD ထိုးနှံပြီးသည့် (၆)လအထက်ရှိ အသက်(၅၀)နှစ်အထက် နိုင်ငံဝန်ထမ်းများ၊ အသက် (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် ယနေ့ နံနက် (၈)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာန၌ Booster Dose ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်မံထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်မြင့်ဦး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကော်မတီအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များ၏ ပူးပေါင်းကူညီမှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်းသိရှိရပြီး ယနေ့နံနက်ပိုင်းက နိုင်ငံဝန်ထမ်း များနှင့် သက်ကြီးဘိုးဘွားများ စုစုပေါင်း ၆၀ ဦး ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကိုဗစ်ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံရန် ကျန်ရှိသူများကိုလည်း သတ်မှတ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
နန်းသဲနုအောင်