တနင်္သာရီ ဖေဖော်ဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု၊ တမုတ်ချုံးကျေးရွာ ဘက်စုံခန်းမဆောင်အတွင်း ယမန်နေ့ ညနေ ၃နာရီအချိန်က နွေစပါး၊ ပဲ၊နှမ်းနှင့်ဟင်းသီး ဟင်းရွက်စိုက်ပျိုးကြသည့် တောင်သူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ယူရီးယားဓါတ်မြေသြဇာများ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ ပေးခြင်း အခမ်းအနားကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဇော်က နိုင်ငံတော်အစီအစဉ်ဖြင့် ဓါတ်မြေသြဇာအိတ်များကို ဈေးနှုန်ူချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးရသည့် အကြောင်းအရင်းအား ရှင်းလင်းပြောကြား၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးက ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆောင်ရွက်နေမှ၊ လက်ရှိ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိမှုအခြေအနေနှင့်လိုက်နာရမည့် ကာကွယ်ရေးနည်းလမ်းများနှင့်ပတ်သက်ပြီး အအသိပညာပေးဆွေးနွေးပေးကြသည်။
ထို့နောက် တမုတ်ချုံးအုပ်စုအတွင်း နွေစပါးစိုက်ဧက(၁၇၀)ဧကရှိတောင်သူ(၅၂)ဦး၊ပဲမျိုးစုံ စိုက်ဧက(၃၀)ဧကရှိတောင်သူ(၁၂)ဦး၊ နှမ်းစိုက်(၁၉)ဧကမှ တောင်သူ (၉)ဦးနှင့် ဟင်းသီး ဟင်းရွက်စိုက်ဧက (၁၂)ဧကရှိတောင်သူ(၆)ဦး စုစုပေါင်းတောင်သူ(၇၉)ဦးတို့အား စိုက်ပျိုး ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဇော်နှင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး တို့ကယူရီးယားဓါတ်မြေဩဇာအိတ်များအား ဈေးနှုန်းချိုသာစွာဖြင့် လိုအပ်သလို ဖြန့်ဖြူး ရောင်းချပေးကြောင်း သိရသည်။
ထိန်ဝင်း(ပြန်/ဆက်)