ရှားတော သြဂုတ် ၂၇
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် မြို့နယ်အတွင်း (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အရှိန်အဟုန် မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များတွင် (COVID-19) ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ ဖွင့်လှစ် ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့ပေါ် ရပ်ကွက်ရှိ စားသောက် ဆိုင်နှင့် ကုန်စုံဆိုင်များတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ထွေးထွေးမိုး က ဦးဆောင်၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်/ကျေး စာရေး တို့က မြို့ပေါ် ရပ်ကွက်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ကုန်စုံဆိုင်တို့တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီဖြစ်စေရေး လက်ဆေးဘေစင် ဆောင်ရွက်ထားရှိမှု ရှိ/ မရှိ၊ ဆိုင် ဝန်ထမ်းများ Mask တပ်ဆင်ခြင်း ရှိ/ မရှိ၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များတွင် တစ်ဦးနှင့်တစ်ဦး COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ဆောင်ရွက်ထားမှု ရှိ/ မရှိ စသည့်အချက်များကို ကွင်းဆင်း စစ်ဆေးပြီး ညွှန်ကြား ချက်နှင့်အညီ ဆောင်ရွက်ထားခြင်းမရှိသော ဆိုင်များကို ညွှန်ကြားချက်နှင့်အညီ ဖြစ်စေရေး ဆောင်ရွက်သွားရန် အသိပညာ ပေး လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းအောင်(ရှားတော)