ပွင့်ဖြူ ဖေဖော်ဝါရီ ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် ၊ မူလခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူ မြို့နယ်အတွင်း ကျေးရွာ(၃)ရွာမှ ဒေသခံတောင်သူများ၏ လယ်မြေဧက ၂၅၀ အား အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုလုပ်ငန်းမှာ ယခုအခါ ရာနှုန်းပြည့် ဖောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးလက်ကုန်ထုတ်မှာ လမ်းအရှည်ပေ သုည/၇ ဒသမ ၅ မိုင် ရှိပြီး လမ်းအကျယ် ၁၂ ပေ၊ ကျောက်ရောမြေ ထု ၁ ပေ၊ မြေနီကျောက်စရစ် ထု ၉ လက်မ လယ်ယာကုန် ထုတ်လမ်းအဖြစ် ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်၊ ဌာန ၏ မူလခွင့်ပြုရန်ပုံငွေကျပ် ၂၇ ဒသမ ၂ သန်းဖြင့် တင်ဒါအောင်မြင်သည့် Shwe Group ကုမ္ပဏီက တာဝန်ယူ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးသွားပြီဖြစ်၍ ပွင့်ဖြူမြို့နယ် မုန်းမြင့်ကျေးရွာ ၊ သမော်အင်း ကျေးရွာနှင့် အင်းဒေါင်းကျေးရွာတို့မှ အိမ်ခြေ ၉၈၅ အိမ် ၊ လူဦးရေ ၃၈၄၄ ဦး၏ လယ်မြေ ဧက ၂၅၀ ဧကအတွက် နွေ၊ မိုး၊ ဆောင်း ရာသီမပြတ် သီးနှံစိုက်ပျိုးလုပ်ကိုင်နိုင်မည့်အပြင် လယ်ယာမြေများမှ ထွက်ရှိသော သီးနှံထွက်ကုန်များကိုလည်း ဈေးကွက်သို့ အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် တင်ပို့ရောင်းချသွားနိုင်တော့မည်ဖြစ်၍ ဒေသခံကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးပြုမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။
ရဲဝင်းနိုင်(ညောင်ဦး)