ဝက်လက် ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်းပပျောက်ရေးနှင့် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ဖေဖော်ဝါရီလ ၁၅ ရက် နေ့မှ စတင် ပြီး ဌာနဆိုင်ရာဝန်ထမ်းများကို Sputnik Light Vaccine ကိုဗစ် ရောဂါ ကာကွယ်ဆေးကို ပြည်သူ့ဆေးရုံ ဝင်းအတွင်းရှိ သံဃာအဆောင်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ယနေ့ နံနက် ၉ နာရီမှ စတင်၍ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသော ဌာနဆိုင်ရ ဝန်ထမ်းများကို ထပ်ဆောင်းကာကွယ်ဆေး Booster Dose ကိုထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ တစ်ဦးနှင့်တစ်ဦး သုံးပေအကွာနေစေ ၍ ကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းတာပေးခြင်း သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေး ကာ ပုံမှန်အနေအထားရှိသူများကိုသာ ဆေးထိုးနှံပေးပြီး မိနစ်သုံးဆယ် စောင့်ဆိုင်းပြီးမှ ဆေးထိုးနှံပေးရာနေရာမှ ထွက်ခွာခွင့်ပြုကြောင်း သိရသည်။
ဝက်လက်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများကို ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ကို ထိုးနှံပေးပြီး ဆေးထိုးရန် ကျန်ရှိသော ပြည်သူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး ခြောက်လပြည့်သူများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရှိရပါသည်။
စိုးစိုးလှိုင် ( ဝက်လက်)