ဖားဆောင်း ဖေဖော်ဝါရီ ၁၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် အတွက် ကိုယ်၀န်ဆောင်မိခင်များနှင့် အသက်(၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ၊တိုက်ကျွေးပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်တင်မိုးသက်နှင့် ကျန်းမာရေး၀န်ထမ်းများမှ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ကိုယ်၀န်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ သံဓါတ်အား ဆေးပြားများအား နေ့စဉ်သောက်ရန်ပေးခြင်း၊ သွေးအားနည်းခြင်း ရှိ/ မရှိ စစ်ဆေးပေးခြင်း၊ ဆစ်ဖလစ်ရောဂါအတွက် သွေးစစ်ပေးခြင်း၊ တီဘီရောဂါလက္ခဏာ ရှိ/မရှိ မေးမြန်းခြင်း၊ သွေးပေါင်ချိန်ချိန်ပေးခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ ကိုယ်၀န်စမ်းသပ်ပေးခြင်း၊ ဗီတာမင်ဘီ ၀မ်းဆေးပြားသောက်ရန်ပေးခြင်း၊ မွေးဖွားခါနီးလက္ခဏာများအား အသိပေးခြင်း၊ မွေးဖွားမည့် ခန့်မှန်းရက်ထက် တစ်ပတ်ကျော်ပါက ကျန်းမာရေးဌာနသို့ လာရောက်ပြသရန် အကြံပြုခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။
အလားတူ အသက်(၁)နှစ်အောက် ကလေးငယ်များအား အသည်းရောင်အသားဝါ(ဘီ)၊ ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနောက်အမြေးရောင်၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ပိုလီယို၊ ဂျပန်ဦးနောက်ရောင်၊ ဝက်သက်ဂျိုက်သိုး စသည့် ကာကွယ်ဆေးများအား ထိုးနှံတိုက်ကျွေးခဲ့ ကြကြောင်းနှင့် အဆိုပါ ပုံမှန်ကာကွယ်ဆေးများကို သတ်မှတ်ထားသော အကြိမ်သတ်မှတ်ထားသော အသက်အရွယ်တွင် ဆေးထိုးဆေးတိုက်ပေးခြင်းများ ပြုလုပ်ပေးနိုင်မှသာလျှင် အထက်ပါရောဂါပိုးများမှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)