ငဖဲ ဖေဖော်ဝါရီ ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ဆည်ရေသောက်တောင်သူများအနေဖြင့် ယခုနှစ်နွေရာသီတွင် နွေစပါးစိုက်ဧက ၂၀၀၀ နှင့် နွေနှမ်းသီးနှံစိုက်ဧက ၂၁၀ စိုက်ပျိုးနိုင်ရန်အတွက် မန်းချောင်းရေလှောင်တမံဆည်နှင့် ရင်းရှည်ရေလှောင်တမံဆည်တို့မှ ဖေဖော်ဝါရီလအတွင်း ရေစတင် လွှတ်ပေးနေပြီဖြစ်ကြောင်းသိရသည်။
ငဖဲမြို့နယ်ရင်းရှည် ရေလှောင်တမံဆည်မှ ကျေးရွာအုပ်စု တစ်အုပ်စု ကွင်းအမှတ် ၁၀၉၃ ကွင်းရှိ နွေနှမ်းစိုက်ပျိုးရန် ဧက၁၅၀ ကိုဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ရေပေးဝေခဲ့ပြီး မန်းချောင်းရေလှောင် တမံဆည်မှ လက်ဝဲ/လက်ယာမြောင်းမကြီးတစ်လျှောက်ရှိ ကျေးရွာအုပ်စု ၁၀ အုပ်စု ကွင်း ၂၃ ကွင်းရှိ နွေနှမ်းစိုက်ဧက ၆၀ နှင့် နွေစပါးစိုက်ဧက ၂၀၀၀ အတွက် ဆည်ရေကို ဖေဖော်ဝါရီလ ၁၆ ရက် ယနေ့ နံနက်ပိုင်းမှစ၍ ဆည်ရေပေးဝေလျက်ရှိကြောင်းနှင့် မင်းဘူး(စကု)မြို့နယ်အတွင်းနွေနှမ်းသီးနှံ ဧက (၁၇၂၀၀) စိုက်ပျိုးနိုင်ရန်အတွက် အိုင်းမရေလွှဲဆည်သို့ မတ်လ ၁ရက်နေ့တွင်ဆည်ရေလွှတ်ပေးသွား မည်ဖြစ်ကြောင်း ငဖဲမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးမှူးဦးအောင်ကိုဦး ထံမှ သိရသည်။
ငဖဲမြို့နယ်အနေဖြင့် နွေနှမ်းသီးနှံကို ယခင်နှစ်က အစိုးရဆည်ရေ၊ဆည်ငယ်၊ကန်ငယ်၊မြေအောက်ရေ တို့ဖြင့် ၁၁၅၀ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး နွေစပါးစိုက်ပျိုးနိုင်ရန်ဆည်ရေပေးဝေနိုင်ခြင်းမရှိခဲ့ရာ ယခုနှစ်မှာ မန်းချောင်းရေလှောင်တမံ ဆည်ရေနှင့် ရင်းရှည်ဆည်ရေတို့ဖြင့် နွေနှမ်းဧက ၂၁၀ နှင့်နွေစပါးဧက ၂၀၀၀ စိုက်ပျိုးနိုင်ရန် လျာထားထားပြီးဆည်ရေပေးဝေလျက်ရှိရာ ဆည်ငယ်၊ကန်ငယ်၊ မြေအောက်ရေတို့ဖြင့် လည်း နွေနှမ်းနှင့်နွေစပါးများစိုက်ပျိုးသွားကြမည် ဖြစ်ကြောင်းသိရသည်။
မယု (ငဖဲ)