ချောင်းဦးမြို့ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနတွင် ကျွဲနွားခွါနာ လျှာနာ ရောဂါ ထိန်းချုပ်ရေး သင်တန်းဖွင့်လှစ် သင်ကြားပေး

ချောင်းဦး ဖေဖော်ဝါရီ   ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၌ ယမန်နေ့နံနက် ၁၀နာရီ အချိန်က တောင်သူများ အသိပညာတိုးပွါးပြီး လုပ်ငန်းခွင် အသုံးချနိုင်စေရေး ကျွဲနွား ခွါနာလျှာနာ ရောဂါထိန်းချုပ်ရေး သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းသို့ ချောင်းဦးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်၊ အဖွဲ့ဝင် ဦးခင်မောင်မြင့် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာ ၅ ရွာမှ သင်တန်းသား တောင်သူ ၂၀ ဦးတို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဥက္ကဋ္ဌ ဦးထူးကျော်မှ အမှာစကားပြောကြားရာ တောင်သူများ အနေဖြင့် လုပ်ငန်းခွင်အတွင်း အသုံးဝင်သည့် ကျွဲနွား ရောဂါများ ကာကွယ်ကုသတတ်စေရေး သင်ကြားပေးမှုကို တတ်ကျွမ်းနားလည်အောင် သင်ကြားပြီး မိမိလုပ်ငန်းခွင်အပြင် အနီး ပတ်ဝန်းကျင်ရှိ တောင်သူများကိုပါ ဆင့်ပွါး အသိပညာပေးပြီး အသုံးချစေလိုကြောင်း၊ ကုန်ထုတ် စွမ်းအား တိုးတက်စေရေး ကျိုးစားစေလိုကြောင်း ပြောကြားသည်။ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်သက်နိုင်က သင်တန်းဖွင့်လှစ် ပေးရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

သင်တန်းအား ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ ၁၉ရက်နေ့အထိ ၅ရက်ကြာ သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ ကျေးရွာ ၅ရွာမှ တောင်သူ ၂၀ဦး သင်တန်းတက်ရောက် သင်ကြားနေကြောင်း၊ ကျွဲနွားများတွင် အဖြစ်များသည့် ခွါနာလျှာနာ ရောဂါကို ကာကွယ်ကုသပေးနိုင်အောင် သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)