မြို့သစ် ဖေဖော်ဝါရီ ၁၆
မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲပိတ်ပွဲကို ယမန်နေ့ ညနေ (၄)နာရီက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းကမ်း ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ ရောင်ခြည်တော်ဖွင့် ဘုရားပင့် ဂါထာတော်ကို မြို့သစ်မြို့ဓမ္မာသိမ် ကျောင်းတိုက် ဆရာတော်ဦးသံဝရက ရွတ်ဖတ် ပူဇော်ခြင်းနှင့် ဆရာတော်ထံမှဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ကြွရောက်တော်မူကြကုန်သော ဆရာတော်သံဃာတော်အရှင်သူမြတ်အပေါင်းတို့မှ မေတ္တာသုတ် ပရိတ်တော်များ ရွတ်ဖတ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ကို စေတနာရှင်များမှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်ဦးသံဝရက ပဠာန်းရွတ်ဖတ်ရခြင်း အကျိုးနှင့် ပတ်သတ်၍ တရားပေးပြီး နောက်လှူဖွယ်ပစ္စည်းအစုစုအတွက် ရေစက်သွန်းချ သာဓုအနုမောဒနာ တရား တော်များ ချီမြှင့်ခဲ့ပြီး သြကာသကတော့ချိုးဖြင့် ပြန်လည်ကန်တော့ခြင်း ကြွရောက်လာသော ဆရာတော်သံဃာတော် အရှင်မြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ "ဗုဒ္ဒသာသနစိရံ တိဌတု"(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ပိတ်သိမ်းခဲ့သည်။
ထို့နောက် လှိုင်နံ့သာ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ အလှူရှင်ဒါယကာ၊ ဒါယိကာမများက ဆရာတော်သံဃာတော်အရှင်သူမြတ်အပါး (၁၀၀)ကျော်တို့ကို ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များကို ထမနဲဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း( ပြန်ဆက်)