သာယာဝတီ ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျဖြစ်စေပြီး မှန်ကန်ထိရောက်မြန်ဆန်စေရန် ရုံးလုပ်ငန်းလက်စွဲဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးခိုင်က ရုံးလုပ်ငန်းလက်စွဲဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ နန်းအေးခိုင်က ပြည်ထောင်စုရာထူး ဝန်အဖွဲ့မှ ထုတ်ဝေသော ရုံးလုပ်ငန်းလက်စွဲစာအုပ်ပါ အခန်း (၁)မှ ရုံးလုပ်ငန်းသဘော တရား၊ ရည်ရွယ်ချက်၊ ရုံးလုပ်ငန်းအဓိပ္ပါယ်၊ ပြီးပြည့်စုံသော ရုံးလုပ်ငန်းများ အကြောင်းအရာများ ဆွေးနွေးခဲ့သည်။
ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်အိအိအောင်က မှတ်တမ်းထိန်းသိမ်းခြင်း ရည်ရွယ်ချက်နှင့် အခန်း(၂)မှ ဝင်စာများကိုအရေးယူဆောင်ရွက်ခြင်း အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး ခရိုင် ဦးစီးမှူး ဒေါ်မျိုးမျိုးခိုင်က မိမိတို့ဝန်ထမ်းများအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် စာဖတ်ဝိုင်းဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းတိုင်း သိရှိသင့်သည့် အချက်များကို မမေ့မလျော့ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းအချင်းချင်း သိရှိထားသည်များကို ပြန်လည်မျှဝေပေးသွားနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ရာ ဝန်ထမ်းများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရသည်။
သန့်ဇော်(သာယာဝတီ)