တနိုင်တပိုင် ငှက်ပျောစိုက်ပျိုးခြင်းမှ ပုံမှန်ဝင်ငွေရနေ

ခါမ်းပါတ် ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ဒေသခံအများစုအနေဖြင့် လယ်ယာစိုက်ပျိုးခြင်းကိုသာ အဓိကထားလုပ်ကိုင်ကြသော်လည်း  ဥယျာဉ်ခြံစိုက်ပျိုးခြင်းနှင့် မွေးမြူရေး လုပ်ငန်းများကို တနိုင်တပိုင်မှ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လာကြသူများလည်း ရှိလာကြပြီ ဖြစ်သည်။

ဥယာဉ်ခြံ =စိုက်ပျိုးရာတွင် ငှက်ပျော၊ သံပုရာ၊ သရက်၊ လိုင်ချီး၊ နာနတ်စသည့် နှစ်ရှည်သီးနှံများကို အဓိကထား စိုက်ပျိုးကြကြောင်းလည်း သိရသည်။ ထိုသို့စိုက်ပျိုးကြရာတွင် ခါမ်းပါတ်မြို့၊ကမ္မကြီးကျေးရွာနေ တောင်သူဦးဉာဏ်သိန်း၏ တနိုင်တပိုင် ဖီးကြမ်းငှက်ပျော စိုက်ခင်းမှ တစ်ပတ်လျှင် ငွေကျပ်နှစ်သောင်းခန့် ပုံမှန်ဝင်ငွေရလျက်ရှိကြောင်းလည်း သိရသည်။

"ငှက်ပျောရုံ အားလုံးပေါင်း တစ်ရာကျော်ရှိတယ်..တစ်ပတ်ကို ငါးခိုင်လောက်တော့ ပုံမှန်ခုတ်နေရတယ်..ဖောက်သည်ပေးတာတော့မရှိပါဘူး ..အနီးအနားနဲ့ သိတဲ့သူတွေ လာဝယ်ကြတာ ပါဘဲ..ကိုယ်လည်းစားရတယ်ရောင်းလည်းရောင်းရပါတယ်..သဘာဝအုပ်မှည့်ဆိုတော့  ကြိုက်သူ တွေများတယ်..တချို့ဆို သုံးလေးဖီးဝယ်ကြတာ..."ဟုလည်း သိရသည်။

ငှက်ပျောသီးများ ရောင်းချရာတွင် တစ်ဖီးလျှင် တစ်ထောင်ကျပ်ဖြင့် ရောင်းချပြီး နေ့စဉ်လိုရောင်းချနေရသဖြင့် ပုံမှန်ဝင်ငွေရရှိနေကြောင်းလည်း သိရသည်။

သားငယ်(ခါမ်းပါတ်)