တောင်တွင်းကြီးမြို့တွင် မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တောင်တွင်းကြီး ဖေဖော်ဝါရီ  ၁၆

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင်နှစ်စဉ် အစဉ်အလာမပျက် ကျင်းပမြဲဖြစ်‌သော  ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျရခိုင်စေတီတော်မြတ်ကြီး၏ (၉) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယမန်‌နေ့ညနေ(၃)နာရီက အဆိုပါဘုရားပရဝုဏ်အတွင်း၌ အိုးစည်ဒိုးပတ် အတီးအမှုတ် အကအခုန်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ကြောင်း သိရသည်။

ထမနဲထိုးပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှအဖွဲ့ (၁၇)ဖွဲ့က ပါဝင်ယှဉ်ခဲ့ကြရာ ပထမဆုကို မောင်းတိုင်(၁)ရပ်ကွက်၊ ဒုတိယဆု သီလကျေးရွာ၊ တတိယဆု‌‌ ရွှေအိုး (၂) ရပ် ကွက် တို့ကရရှိခဲ့ပြီး နှစ်သိမ့်ဆုအဖြစ် အုန်းတော(၂)ရပ်ကွက်၊ ခင်တဲကျေးရွာနှင့်ရွှေအိုး (၁)ရပ်ကွက် တို့က အသီးသီးရရှိကာ အကောင်းဆုံးအရှုံးသမားအဖြစ် ရွှေကြာအင်း(၁)ရပ်ကွက်နှင့် ဘိုကုန်း ကျေးရွာတို့က ရရှိကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်ခိုင်ထွန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သက်ခိုင်ထွန်း၊ အဖွဲ့ဝင်(၂)ဦးလှသောင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ‌၊ ဂေါပကအဖွဲ့ ဥက္ကဋ္ဌဦးတင်လှနှင့် အဖွဲ့ဝင် များက ဆုများကိုပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထမနဲထိုးပြိုင်ပွဲတွင် ပထမဆု တစ်သိန်းခွဲ၊ ဒုတိယဆုတစ်သိန်း၊ တတိယဆု ရှစ်သောင်း၊ နှစ်သိမ့်ဆုအဖြစ် ငါးသောင်းကျပ်နှင့် အကောင်းဆုံးအရှုံးသမားဆုတို့ကို သုံးသောင်းကျပ်အဖြစ် အသီးသီး ချီးမြှင့်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)