ဂန့်ဂေါ ဖေဖော်ဝါရီ ၁၆
ဝန်ထမ်းများအနေဖြင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာဖတ်ခြင်းဖြင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေပြီး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရေးရည်ရွယ်၍ ဌာနတွင်းဝန်ထမ်းများ စာဖတ်ရှိန် မြှင့်တင်ရေးစာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဂန့်ဂေါခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ရုံးလုပ်ငန်းလက်စွဲစာအုပ်မှ အခန်း (၁၁)ပါ အစည်းအဝေးကျင်းပခြင်းနှင့် မှတ်တမ်းတင်ခြင်း ခေါင်းစဉ်များအားလည်းကောင်း၊ အကြီးတန်းစာရေး ဒေါ်မာမာမင်းက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အစည်းအဝေးဖိတ်ကြားခြင်း၊ ရုပ်သံကျွမ်းကျင် - ၃ ဒေါ်သူဇာဝင်း က အစည်းအဝေးကျင်းပမည့်နေရာပြင်ဆင်ခြင်း၊ အစည်းအဝေးတက်ရောက်မည့် ပုဂ္ဂိုလ်များရောက်ရှိသည့် အခါ ဆောင်ရွက်ရမည့်အချက်များနှင့် အငယ်တန်းစာရေး ဒေါ်ချမ်းမြေ့သူက အစည်းအဝေးမှတ်တမ်းရေးသား ခြင်း၊ အစည်းအဝေးမှတ်တမ်းဖြန့်ဝေခြင်း စသည့်အချက်များအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြ သည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် ဝန်ထမ်းများက သိရှိလိုသည့်ကိစ္စများအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ယနေ့စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်ပေးခြင်းဖြင့် ဝန်ထမ်းများအနေဖြင့် ဌာနလုပ်ငန်းများ လုပ်ဆောင်ရာတွင် များစွာအထောက်အကူဖြစ်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ လုပ်ရည်ကိုင်ရည်တိုးတက်လာပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေ၍ စာဖတ်ဝိုင်းအား အပတ်စဉ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)