ကော့သောင်းမြို့တွင် RTDဖြင့် မိုဘိုင်းစစ်ဆေးကာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုထိန်းချုပ်ရေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်

ကော့သောင်း  ဖေဖော်ဝါရီ  ၁၆

ကော့သောင်းမြို့တွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ RTDဖြင့်  မိုဘိုင်းစစ်ဆေးကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်  ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်းတစ်လျှောက် ပါးစပ်နှာခေါင်းစည်း မတပ်ဆင်ဘဲ လမ်းထွက်သွားလာနေကြသည့် မြို့နေပြည်သူများအား ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်းသိရသည်။

စစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးကော်မတီဝင်များ၊ ကျန်းမာရေးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့၊ပရဟိတဘော်လံတီယာအဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ယာဉ်ထိန်းရဲတပ်ဖွဲ့များဖြင့် မော်တော်ဆိုင်ကယ်၊ မော်တော်ကားများအား ရပ်တန့်စေပြီး ပါးစပ်နှာခေါင်းစည်း မတပ်ဆင်ဘဲ လမ်းထွက်သွားလာနေကြသူများကို Antigen repid test kit (RTD) ဖြင့် ချက်ခြင်းစစ်ဆေးကာ ရောဂါပိုးတွေ့ရှိသူများအား ဆေးကုသမှုခံယူစေခြင်း လုပ်ငန်းများကို တင်းကြပ်စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုဆောင်ရွက်မှုအား မြို့နေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်မှု စည်းကမ်းချက်များကို မပေါ့ဆဘဲ ဆက်လက်လိုက်နာကြစေရန်နှင့် ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန်ရောဂါ ကူးစက်မှုပြည်တွင်းမှာ တွေ့ရှိလာ နေသဖြင့် နယ်စပ်မြို့ဖြစ်သည့် မိမိတို့မြို့အနေနှင့် သတိကြီးစွာထားကြစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုး