စုကလိ ဖေဖော်ဝါရီ ၁၆
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ မဲကုလားအုပ်စု ဆုံဆည်းမြိုင်ကျေးရွာတွင် ဓါးလှီးဆေးများ အောင်မြင်ဖြစ်ထွန်းသဖြင့် ဒေသတွင်းစီးပွား ရေးလုပ်ငန်းများ ယခင်နှစ်ထက် စျေးကောင်းပိုမိုရရှိ၍ မိသားစုဝင်ငွေ တိုးတက်လျက်ရှိသည်။
စုကလိမြို့ စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်ချက်များအား တောင်သူများထံ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း နည်းပညာအချက်အလက်များအား ဖြန့်ဖြူးပေး၍ ဓားလှီးဆေး(ခ) ဆေးရွက်ကြီးများ စိုက်ခင်း ဧက(၅၀)ကျော်အား အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအချိန်တွင် ကုန်ချောအဆင့်သို့ ရောက်ရှိပြီးထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနိုင်သဖြင့် မိသားစုဝင်ငွေ ပိုမိုတိုးတက်လာခဲ့သည်။
အဆိုပါ ဓားလှီးဆေး(ခ)များအား ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရာတွင် တစ်ကီလိုလျှင် ထိုင်း ဘတ်ငွေ ၂၀၀ ကျော်အထိ ရရှိခဲ့ပြီး တစ်ဧကစိုက်ပျိုးထုတ်လုပ်ရောင်းချပါက အကျိုးအမြတ် (၂၅)သိန်းကျပ်မှ သိန်း(၃၀)အထိ ရရှိကြောင်း ဆုံဆည်းမြိုင်ကျေးရွာနေ ဓားလှီးဆေးစိုက် တောင်သူ ဦးဆန်းဝင်းထံမှ သိရသည်။
ပိုပိုအောင်(ပြန်/ဆက်)