ထားဝယ် ဖေဖော်ဝါရီ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေး (၃/၂၀၂၂)ကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇအသစ် အိုမီခရွန်နှင့် ပတ်သက်၍ ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းရန်၊ ဖြစ်ပြီးသွားသော ကိစ္စရပ်များကို တားဆီးရန်၊ ဖြစ်နေသောသူများကို ကုသနိုင်ရန်အတွက် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် တိုင်ပင်၊ ဆွေးနွေး၊ ဆုံးဖြတ်နိုင်ရန် အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်း၊ အိုမီခရွန်သည် ကူးစက်မှုနှုန်းမြင့်မားသည်ကို တွေ့ရှိရကြောင်း၊ ယခင်က တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကျဆင်းလာသည့်အတွက် အများပြည်သူအနေဖြင့် ပေါ့ဆလာသည်ကို တွေ့ရကြောင်း၊ တိုင်းဒေသကြီး သို့ နေရာပေါင်းစုံမှလာသော ခရီးသွားလာပြည်သူများကို ရောဂါပိုးစစ်ဆေးလိုက်သည့်အခါ Positive ဖြစ်နေသည်ကို တွေ့ရကြောင်း၊ Volunteer နှင့် နာရေးကူညီမှု အသင်းများအနေဖြင့် ကျန်းမာရေး ဂရုစိုက်ပြီး PPE ဝတ်စုံ ဝတ်ထားကြရန်နှင့် ကာကွယ်ဆေး မထိုးနှံရသေးသူများလည်း ကာကွယ်ဆေး ထိုးနှံကြရန် လိုအပ်ကြောင်း၊ မြို့အဝင်ဂိတ်များတွင် တာဝန်ကျသော သူများလည်း ကျန်းမာရေး ဂရုစိုက်ကြရန် လိုအပ်သော ကာကွယ်တားဆီးရေးလုပ်ငန်းများအား တက်ရောက်လာသော ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းပြီး ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ Public ဆေးရုံများ အနေဖြင့် ကိုဗစ်စင်တာဖွင့်ရန် လိုအပ်ပါက ချက်ချင်းဖွင့်ရန် အစိုးရအဖွဲ့အနေဖြင့် ခွင့်ပြုပေးရန်၊ ကိုဗစ်စည်းကမ်းချက်များနှင့် အညီ ဆရာဝန်များ၊ ဆေးစစ်အဖွဲ့များ ထားရှိရန် လိုအပ်ကြောင်း၊ အိုမီခရွန်သည် ပေါ့ဆ၍မရကြောင်း၊ တက်ရောက်လာသူများအနေဖြင့် အပိုင်းလိုက် အကြံပြုဆွေးနွေး တင်ပြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းက ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူးက ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ ဆေးရုံဆင်းခွင့်ပြုရန် သတ်မှတ်ချက်များ (Version-7)လက္ခဏာများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် Volunteer များက ဆောင်ရွက်နေမှု အခြေ အနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေး အကြံပြုရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)