လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ သမ္ဘာန်၊ ရွှေဂွန်း၊ ဂျို့ချောင်း၊ ကော့လုံစသည့် ကျေးရွာများ၌ ထိုင်ဝမ်ဖရဲမျိုး (HERAR)နှင့် (HERO)မျိုး၊ ဂျပန်မျိုး (ဒေသအခေါ် ဒုံးကျည်မျိုး) များကို ဖရဲစိုက်ခင်း တစ်ခင်းခူး၊ တစ်ခင်းပြန်စိုက်သည့် စနစ်ဖြင့် ဆောင်းသီးနှံ ဖရဲစိုက်ခင်းများကို တွင်ကျယ်စွာ ကြိုးစား၍ စိုက်ပျိုး လုပ်ကိုင်နေကြသည်ကို တွေ့ရှိခဲ့ရသည်။
ဖရဲစိုက်တောင်သူများက ပြည်ပစျေးကွက်အနေဖြင့် တရုတ်နိုင်ငံကိုသာ အားထားနေ ကြရပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်ပစျေးကွက်ကို စိတ်ကူး၍ မရဲကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် ဖရဲသီးအဝယ်ဒိုင်များက မိမိတို့၏ စိုက်ခင်းများအထိ ဆင်း၍ အခင်းပြတ် ဝယ်ယူမှုရှိနေပါကြောင်း၊ ဖရဲစိုက်ခင်း (၁)ဧကလျှင် ဖရဲပင်ပေါင်း (၂၀၀၀) ကျော်စိုက်ပျိုးထားရှိပြီး ပျိုးပင်ချစိုက်ပြီးချိန်မှစ၍ ၆၅ ရက်အတွင်း အသီးခူး ဆွတ်ကြရကြောင်း၊ ဖရဲတစ်ပင်လျှင် အလုံးအရေအတွက်နှင့် အရွယ်အစားအပေါ် မူတည်၍ ငွေ ၁ဝ၀၀ မှ ၁၃၀၀ ကျပ်အတွင်း အပင်ပုတ်ပြတ်ဖြင့် ရောင်းချနေရကြောင်း တောင်သူများက ရှင်းပြသည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဖရဲစိုက်ခင်းမြေအများစုမှာ မိုးရာသီတွင် မည်သည့် သီးနှံ အမျိုးအစားမှ စိုက်ပျိုး၍ မရအောင် ရေနစ်မြုပ်မှုရှိနေတတ်ပြီး ဆောင်းရာသီနှင့် နွေရာသီများတွင်သာ ဖရဲစိုက်ခင်းအဖြင့် စိုက်ပျိုးလုပ်ကိုင်ကြရကြောင်း၊ ကားလမ်းမ နံဘေး၌ တဲထိုး၍ ဒေသထွက် ဖရဲသီးများအပြင် နေပြည်တော်နှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ ရွှေသခွားမွှေးသီးများကိုလည်း မိမိတို့၏ ဆိုင်တွင်ရောင်းချရာ ရောင်းကောင်းပါကြောင်း၊ ဒေသတွင်းစျေးကွက်၌ ရွှေသခွားမွှေးသီးတစ်လုံးကို ငွေ ၂၅၀၀ ကျပ်၊ ဖရဲသီးတစ်လုံးကို ငွေ ၁၅၀၀ မှ ၂၀၀၀ ကျပ်အထိ ရောင်းချရပြီး ဒေသတွင်း၌လည်း ဖရဲသီးစားသုံးသူ မြင့်တက်လာသည့်အတွက် ပြည်တွင်းစျေးကွက် ကိုလည်း အားထားနေကြရပါကြောင်း ဖရဲစိုက်တောင်သူများက ပြောဆိုရှင်းပြ ပေးခဲ့သည်။
လင်းသန့်(ပြန်/ဆက်)