ထားဝယ် ဖေဖော်ဝါရီ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇအသစ် အိုမီခရွန် ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့ရှိ လူစည်ကားသောနေရာများတွင် ထားဝယ်မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ များက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ထားဝယ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးကိုကိုနိုင်နှင့်အဖွဲ့များက ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း Μask စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြရန်၊ တစ်ဦးနှင့် တစ်ဦး (၆)ပေအကွာမှ နေထိုင်ကြရန်၊ လက်ကို စက္ကန့် ၂၀ အကြာ မကြာခဏ ဆေးကြောပေးရန်၊ နေအိမ်ရှိ အသက် (၆၀)နှစ်အထက် အသက်ရွယ်ကြီးရင့်သူများ၊ သွေးတိုး၊ ဆီးချို၊ နှလုံးနှင့် နာတာရှည်ရောဂါ အခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်းအတူ စားသောက်ခြင်းမှ ရှောင်ကျဉ်ရန်၊ ပါးစပ်နှာခေါင်းစည်း မတပ်ဆင်ထားသော စျေးရောင်းချသူများထံမှ စျေးမဝယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြား၍ ဆေးကုသမှုခံယူပါရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်စေရေး အသိပညာပေး လုပ်ငန်းများကို လိုက်လံနှိုးဆော် ပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များက လူတိုင်းကို နှာခေါင်းစည်း Μask တပ်စေလိုသောအားဖြင့် ခရီးသွားလာ အများပြည်သူများအား နှာခေါင်းစည်း Μask များဖြန့်ဝေပေးခြင်း၊ အများပြည်သူမြင်နိုင်သော လမ်းဆုံ လမ်းခွနေရာများတွင် အသိပညာပေးပိုစတာများ ကပ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်စေရန် ဆောင်ရန်/ ရှောင်ရန်အချက်များ ပါရှိသည့် လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
ရွှေပင်လယ်