အိမ်မဲ ဖေဖော်ဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ကို ဖေဖော်ဝါရီလ ၁၅ ရက်မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလွှမ်းသီဟက Talk Show ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
ထို့နောက် အိမ်မဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဝေဝေထွန်းက မသန်စွမ်းသူ အမျိုးအစား(၄)မျိုး ရှိကြောင်းယင်း(၄)မျိုးမှာ အမြင်အာရုံ ချို့ယွင်းသူနှင့် မျက်မမြင်၊ အကြားအာရုံချို့ယွင်းသူနှင့်နားမကြား၊ ကိုယ်အင်္ဂါ မသန်စွမ်းသူနှင့် ဉာဏ်ရည် မသန်စွမ်းသူတို့ဖြစ်ကြောင်း၊ မသန်စွမ်းသူဆိုသည်မှာ မွေးရာပါဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ် စိတ်ပိုင်း၊ ဉာဏ်ရည် ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှု ပိုင်းဆိုင်ရာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ ချို့ယွင်းအားနည်းချက်များကို ရေရှည် ခံစားနေရသူများဖြစ်ကြောင်း၊ မသန်စွမ်းသူများဆိုင်ရာလုပ်ငန်းများ၊ မသန်စွမ်းသူများအား ပြုစုပျိုးထောင်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းအကြောင်းအရာများနှင့် မသန်စွမ်း သူများ၏ အခွင့် အရေးဥပဒေများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
အိမ်မဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မသန်စွမ်းသူများကို ထောက်ပံ့ ပေးအပ်ရာတွင် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ၈၈၁ ဦး၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ၁၀၃၇ ဦးတို့အား တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်းနှင့် မြို့နယ်အတွင် ထောက်ပံ့ငွေမရရှိသေးသည့် မသန်စွမ်းသူ ၆၆၂ ဦးအား ထပ်မံ ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)