ဟင်္သတ ဖေဖော်ဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ဥယျာဉ်မြောက်ရပ်ကွက် ပဒေသာစျေးကြီးနှင့် မန်းဘခိုင် လမ်းတစ်လျောက် လူစည်ကားရာ နေရာများနှင့်မြို့ပေါ် ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းများကို ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူး ဦးစိုးနောင်၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ စျေးကော်မတီဝင်များ ပူးပေါင်း၍ ပဒေသာစျေးကြီးအတွင်း စျေးသွားစျေးလာ ပြည်သူများ အား မီးဘေးကြိုတင် ကာကွယ်ရေး သတိပေး လက်ကမ်းစာစောင်များ လိုက်လံ ဖြန့်ဝေပေးခြင်း၊ စျေးတွင်ဖွင့်လှစ်ရောင်းချနေသော စျေးဆိုင်ခန်းများတွင် မီးဘေးကြိုတင် ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ မီးဘေးကြိုတင် ကာကွယ်ရန်အတွက် အသင့်အသုံးပြုရန် ဆောင်ရွက်ထားသော အုတ်ရေကန်နှင့် သံစည်ရေကန် (၁၇)လုံးနှင့် သဘာဝရေကန် (၁၃)ခု စုစုပေါင်း မီးသတ်ရေကန် (၃၀) ကန်အား လိုက်လံစစ်ဆေးခဲ့ကြပြီး လိုအပ်သော ရေများ ထပ်မံဖြည့်သွင်းခြင်းနှင့် အုပ်ရေကန်နှင့် သံရေစည်များ၏ ကြံ့ခိုင်ရေးများကို စစ်ဆေး ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ