ရေတာရှည် သြဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် Covid-19 ရောဂါ ထိန်းချုပ် ကာကွယ်နိုင်ရေး အတွက် စစ်ဆေးရေးဂိတ်များကို သြဂုတ် ၂၇ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရေတာရှည်မြို့ တောင်ဘက် အထွက် ဗိုလ်ချုပ်ကြေးရုပ်အနီး ရန်ကုန်-မန္တလေး ကားလမ်း တွင် လည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး နှင့် လမ်း ဟောင်းကို ဆက်သွယ် ထားသော ကုန်းကြီး လမ်းဆုံ၌ လည်းကောင်း၊ သာဂရ-ကိုးပင်ရိုးမ ဖြတ်ကျော် ကားလမ်း သာဂရနယ်မြေ ရဲစခန်းရှေ့ တွင်လည်းကောင်း ပြန်လည် ဖွင့်လှစ်၍ ကျန်းမာရေး စစ်ဆေးခြင်း၊ ခရီးသွားမှတ်တမ်းများ ကောက်ယူခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါစစ်ဆေးရေးဂိတ်များတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း ပါဝင်သော အဖွဲ့သည် ခရီးသွားများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ နှာခေါင်းစည်း များ တပ်ဆင်စေခြင်းနှင့် ရခိုင်ပြည်နယ် နှင့် အခြားသော ရောဂါဖြစ်ပွား သည့် ဒေသများမှ ခရီးသွားများပါဝင်မှုရှိ မရှိတို့ကို စစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိသည်။
ထို့အတူ အပြင်ထွက်၍ ခရီးသွားလာနေကြသူတိုင်း နှာခေါင်းစည်း များတပ်ဆင်ရေးနှင့် စျေးဆိုင်များ၌ နှာခေါင်းစည်း များရောင်းချရာတွင် ပုံမှန်စျေးနှုန်းထက်ပို၍ ရောင်းချမှုမရှိစေရန် တာဝန်ရှိသူများက ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဆု(ပြန်/ဆက်)