မြိတ် ဖေဖော်ဝါရီ ၁၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် လမ်းသွားလမ်းလာပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများလိုက်နာ၍ ကြိုတင်ကာကွယ်မှုဖြင့် သွားလာ နေထိုင်ကြစေရန် မိုဘိုင်းစနစ်ဖြင့် Mask Campaign အသိပညာပေး အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့ကြသည်။
Mask Campaign အသိပညာပေးအစီအစဉ်ကို မြိတ်မြို့ရှိ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွနေရာ (၁၆) နေရာတွင် မြိတ်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဦးဆောင်မှုဖြင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှ မိုဘိုင်းစနစ်ဖြင့် နေ့စဉ်ဆောင်ရွက် သွားမည်ဖြစ်ပြီး လမ်းသွားလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များအား အသိပညာပေးခြင်းကို ဆောင်ရွက်လျက်ရှိကာ နှာခေါင်းစည်း မတပ်ဆင်ဘဲ သွားလာသူများ အား နှာခေါင်းစည်းများ ဝေငှပေးခဲ့ကြသည်။
မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး လက်ရှိ အချိန်တွင် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သူ (၁၈၃) ဦးအား ရောဂါပိုးတွေ့ရှိခဲ့၍ ရောဂါလက္ခဏာမပြသူများအား နေအိမ်/ ဟိုတယ်နှင့် သက်ဆိုင်ရာနေရာများတွင် ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိပြီး ဆေးရုံဆေးကုသမှု ခံယူလျက်ရှိသူများမှာ ပြည်သူ့ဆေးရုံတွင် (၁၉) ဦး၊ ပုဂ္ဂလိက ဆေးရုံများတွင် (၄) ဦးနှင့် တပ်မတော်ဆေးရုံတွင် (၂) ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ထို့အတူ မြိတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်/ထိန်းချုပ်/ကုသရေးလုပ်ငန်းများအပြင် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ (၁၄) ရက်နေ့အထိ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသူဦးရေသည် (၁၅၇၉၃၃) ဦးရှိ၍ ကာကွယ်ဆေးနှစ်ကြိမ်လုံး ဆေးထိုး နှံပြီးသည့်ဦးရေမှာ (၁၄၃၉၀၉) ဦးရှိပြီဖြစ်ပြီး ကာကွယ်ဆေးထိုးရန် လျာထားလူဦးရေ၏ (၈၁) ရာခိုင်နှုန်းကို ထိုးနှံပေးပြီးဖြစ်ကာ အသက် (၁၈) နှစ်အထက် ကာကွယ်ဆေး မထိုးရသေးသူများကိုလည်း ရပ်ကွက်/ကျေးရွာများအထိ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက်)