တောင်ငူတွင် ကုန်စည်များအပေါ် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြနိုင်ရန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

တောင်ငူ သြဂုတ် ၂၇

စျေးကွက်အတွင်း၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့်  ကုန်စည်များအပေါ် ကုန်ညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များအား အသိပေး ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ငူခရိုင် စားသုံးသူရေးရာ ဦးစီးဌာနရုံးအတွင်း ကျင်းပသည်။

ထိုသို့ ရှင်းလင်းဆွေးနွေးရာတွင် တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးအောင် က တောင်ငူမြို့နယ်အတွင်း အစား အသောက်များ၊ အိမ်သုံးပစ္စည်းများ၊ ကလေးအသုံးအဆောင် ပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဆေးဝါးနှင့် ဖြည့်စွက် စာများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်များ အနေဖြင့်  ကုန်စည်အလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရန် ၊ သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှု ရှိစေရေး အတွက် ဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းပြောကြားပြီး တိုင်းရင်းဆေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်အောင်က မြန်မာတိုင်းရင်းဆေးဝါးများ ထုတ်လုပ်ရောင်းချသူများ အနေဖြင့် မှတ်ပုံတင်ထားရှိရမည့် အချက်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေး ပြောကြားသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ တောင်ငူမြို့နယ်အတွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင် ၂၀ ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။

ဇော်ထက် (တောင်ငူ)