မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

မြဝတီ ဖေဖေါ်ဝါရီ ၁၅ 

ကရင်ပြည်နယ် မြဝတီမြို့တွင် ကိုဗစ်-၁၉ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ဗီဇ ပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာ‌ပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်တွင် အသိပညာပေးလှည့်လည်နှိုးဆော်ခဲ့သည်။

အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လက်ရှိ ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲOmicron (အိုမီခရွန်) ရောဂါသည် ကူးစက်မြန်ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပြီးသူများအားလည်း ပြန်လည်ကူးစက်နိုင်ကြောင်း၊ ယခုအခါ မိမိတို့ မြန်မာနိုင်ငံအတွင်းသို့လည်း ရောက်ရှိလာပြီ ဖြစ်ပါသဖြင့် မြဝတီမြို့ပေါ်တွင်နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်၌သာ နေထိုင်ကြရန်၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ထွက်ခွာမည် ဆိုပါက နှာခေါင်းစည်း (Mask)များကို စနစ်တကျ တပ်ဆင်သွားလာကြ ရန်၊ အပြင်မှ ပြန်လာပါကလည်း မိသားစုများနှင့်မထိတွေ့မီ နှာခေါင်းစည်းများကို အမှိုက်ပုံးထဲသို့ စနစ်တကျ လွှင့်ပစ်ရန်နှင့် လက်များကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ကြာအောင် ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ ခပ်ခွာခွာနေရန်၊ မိမိနေအိမ်သို့ ပြင်ပမှ ဧည့်သည်များလက်မခံရန်၊ မိမိအနေဖြင့်လည်း အခြားသူများအိမ်သို့ ဝင်ထွက်သွားလာခြင်းများ ရှောင်ကြဉ်ကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ စနစ်တကျ သွားရောက်ထိုးနှံကြရန် အသိပညာပေးနှိုးဆော်ခဲ့သည်။

ထို့အပြင် မိမိအနေဖြင့် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက  မြဝတီခရိုင်ကုတင်(၂၀၀)ဆံ့ပြည် သူ့ဆေးရုံကြီး၌  အပတ်စဉ်တနင်္ဂလာနေ့မှသောကြာနေ့များတွင် နံနက်(၉)နာရီမှနေ့လည်(၁၂)နာရီအထိ ရောဂါ လက္ခဏာများ စစ်ဆေးပေးလျက်ရှိကြောင်း၊  ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် မိဘ ပြည်သူ များအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များကို စနစ်တကျ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြပါရန်နှင့် သက်ကြီးရွယ်အိုများ၊ အခြားရောဂါအခံရှိသူများအား အထူးဂရုစိုက်ပေးကြပါရန် မြို့ပေါ်ရပ်ကွက်များသို့ Hendspeakerဖြင့် လှည့်လည် နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့် (ပြန်/ဆက်)