မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ပုသိမ်မြို့တွင် ကျင်းပ

ပုသိမ် ဖေဖော်ဝါရီ   ၁၅

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မြန်မာ့ရိုးရာအစဉ်လာမပျက်စေရေးရည်ရွယ်ချက်ဖြင့် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေ ၄ နာရီကပုသိမ်မြို့ ပြည်ထောင်စုကွင်း(ကန်သာယာ)‌၌ ကျင်းပရာ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ပုသိမ်လေတပ် စခန်းဌာနချုပ်မှူးဗိုလ်မှူးချုပ်ထွန်းဝင်းနှင့် ထမနဲထိုးပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်အေးတို့က ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်က မင်္ဂလာရွှေမောင်းတီး၍ ပြိုင်ပွဲ စတင်ကြောင်း ကြေငြာသည်။

အဆိုပါ ထမနဲထိုးပြိုင်ပွဲသို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်အသင်း(၁)သင်း၊ ဌာနဆိုင်ရာ (၁၆)သင်း၊ ရပ်ကွက် (၁၅)သင်း စုစုပေါင်း(၃၂)သင်းတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ထမနဲထိုးပြိုင်ပွဲတွင် ပထမဆုရရှိသည့် တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအသင်း၊ ဒုတိယဆုရရှိသည့် တိုင်းဒေသကြီး စည်ပင်သာရေး အဖွဲ့အသင်းနှင့် တတိယဆုရရှိသည့် အမှတ်(၂)ရပ်ကွက် အသင်းတို့အား ဝန်ကြီးချုပ်ကလည်းကောင်း၊ နှစ်သိမ့်ဆုရှိသည့် အသင်းများကို တာဝန်ရှိသူအသီးသီးက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယခု ကျင်းပခဲ့သည့် ထမနဲထိုးပြိုင်ပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပထမဆုရရှိသည့် အသင်းအား ဆုငွေ(၅)သိန်းကျပ်၊ ဒုတိယဆုရရှိသည့် အသင်းအား ဆုငွေ(၃)သိန်းကျပ်၊ တတိယဆုရရှိသည့်အသင်းအား ဆုငွေ(၂)သိန်းကျပ်နှင့် နှစ်သိမ့်ဆု အတွက် ဆုငွေ(၁)သိန်းကျပ်တို့ အား ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်