ပွင့်ဖြူမြို့နယ်၌ မြေခွဲကိရိယာ ( Subsoiler ) စက်ဖြင့် မြေလွှာခွဲခြင်းတောင်သူပညပေး ကွင်းသရုပ်ပြပွဲ ကျင်းပ

ပွင့်ဖြူ      ဖေဖော်ဝါရီ      ၁၅

 မကွေးတိုင်းဒေသကြီး၊  ပွင့်ဖြူမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဒေသခံတောင်သူများ လယ်ယာသုံး စက်ကိရိယာများ အသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာမြေများ ထယ်ရေးထွန်ယက်ခြင်း လုပ်ငန်းအား အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ မြေခွဲကိရိယာ ( Subsoiler ) စက်ဖြင့် မြေလွှာခွဲခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ တောင်သူ ဦးမောင်မောင်၏ ကွင်းအမှတ် ( ၉၁၁ ) လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ တောင်သူပညာပေးကွင်းသရုပ်ပြပွဲတွင် မကွေးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်မွန်က ဒေသခံတောင်သူများအား သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ လယ်ယာလုပ်သား ရှားပါးမှု အခက်အခဲများ ပြေလျော့သက်သာစေရန်၊  လယ်ယာသုံးစက်ကိရိယာများ အသုံးပြုခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူး များကို ရှင်းလင်း ဆွေးနွေး ပြောကြားပြီး မင်းဘူးခရိုင် စက်မှုလယ်ယာဦးစီးဌာနမှူး ဦးရဲမင်းထွဋ်က ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် လယ်ယာသုံးစက် ကိရိယာများ အသုံးပြု၍ လုပ်ကိုင်ခြင်းဖြင့် အချိန်ကုန် လူပင်ပန်း သက်သာခြင်း၊ ငွေအကုန်အကျ သက်သာပြီး လုပ်ငန်းတွင်ကျယ်ခြင်းနှင့် သီးနှံများ အချိန်မီစိုက်ပျိုးလုပ်ကိုင်နိုင်ခြင်း စသည့် လယ်ယာ သုံးစက်ကိရိယာများ၏ အသုံးဝင်မှုများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးလှမင်းဦးက မြေခွဲကိရိယာ ( Subsoiler ) စက်ဖြင့် မြေလွှာ ခွဲခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကိုင်တွယ်အသုံးပြုပုံ အဆင့်ဆင့်ကို ရှင်းလင်း ဆွေးနွေးပြောကြားရာ တက်ရောက်လာသည့် ဒေသခံတောင်သူများက မြေခွဲ ကိရိယာ ( Subsoiler )စက်နှင့် ပတ်သက်ပြီး သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးလှမင်းဦးနှင့် ဝန်ထမ်းများက ကံသာကြီးကျေးရွာ တောင်သူ ဦးမောင်မောင်၏ ကွင်းအမှတ်( ၉၁၁ ) လယ်မြေတွင် မြေခွဲကိရိယာ ( Subsoiler) စက်ဖြင့် မြေလွှာခွဲခြင်းအား လက်တွေ့သရုပ်ပြသရာ ဒေသခံတောင်သူများက စိတ်ဝင်တစ်စား လေ့လာ ကြည့်ရှုခဲ့ကြပြီး ဝန်ထမ်းများအဖွဲ့က မြေခွဲကိရိယာ ( Subsoiler)စက်နှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်း စာစောင်များကို လိုက်လံဖြန့်ဝေ ပေးခဲ့ကြသည်။

 အဆိုပါ မြေခွဲကိရိယာ ( Subsoiler )စက် အသုံးပြုခြင်းဖြင့် ဒေသခံတောင်သူများအတွက် မိမိတို့၏ လယ်ယာမြေများကို ပိုမိုကောင်းမွန်စေရန်နှင့် မြေသိပ်သည်းမှုမဖြစ်စေရေး မြေလွှာခွဲခြင်းအား အချိန်တိုတိုနှင့် စနစ်တကျ လုပ်ကိုင် ဆောင်ရွက်နိုင်ခြင်း၊ သီးနှံစိုက်ပျိုးရာတွင် ကြုံတွေ့ရသော မြေလွှာ သိပ်သည်းမှုကြောင့် သီးနှံဖြစ်ထွန်းမှု အားနည်းခြင်း အား လျှော့ချနိုင်စေခြင်းနှင့် လယ်ယာမြေများကို စနစ်တကျ မြေလွှာခွဲခြင်းလုပ်ငန်းအား ဆောင်ရွက်ခြင်းဖြင့် သီးနှံ အထွက်နှုန်း ပိုမိုကောင်းမွန်စေပြီး သီးနှံဝင်ငွေ တိုးပွားစေကာ  တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းအတွက်များစွာ အကျိုးကျေးဇူး ရရှိစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးလှမင်းဦး၏ ပြောပြချက်အရ သိရသည်။

 ရဲဝင်းနိုင် ( ညောင်ဦး )