ဆိပ်ဖြူ ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး ၊ဆိပ်ဖြူမြို့နယ်တွင် တံတားဦးစီးဌာန ၊ တံတားအထူးအဖွဲ့(၅) ဆိပ်ဖြူက ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ တာဝန်ယူလျက်ရှိသည့် အနော်ရထာတံတား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်မည့် ပစ္စည်းများဝယ်ယူရေးနှင့် ငှားရမ်းအသုံးပြုရေး အိတ်ဖွင့်တင်ဒါဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်နံနက်၁၀ နာရီက တံတားအထူးအဖွဲ့(၅) ဆိပ်ဖြူရုံးတွင်ပြုလုပ်သည်။
အဆိုပါတင်ဒါဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အိတ်ဖွင့်တင်ဒါစီစစ်ရွေးချယ်ရေးအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ အိတ်ဖွင့်တင်ဒါ တင်သွင်းမည့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်အေးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၅) ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်စိန်ဝင်းက တင်ဒါစည်းကမ်းများ ရှင်းလင်းပြောကြားပြီး အိတ်ဖွင့်တင်ဒါပွဲအားဆက်လက်ကျင်းပရာ အနော်ရထာတံတား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် ရေယာဉ် (Z – Craft )တစ်စီးနှင့် တန်(၂၀) မိုဘိုင်း ကရိန်းငှားရမ်းခြင်း၊ စက်သုံးဆီ၊ ချိန်းလိပ်နှင့် ခွဲကျောက်ကြီး ပစ္စည်းဝယ်ယူရေး တို့အတွက် စီပွားရေးလုပ်ငန်းရှင်များက တင်ဒါအပြိုင်တင်သွင်းခဲ့ကြပြီး အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက တင်ဒါတင်သွင်းသူများ၏ ဈေးနှုန်းများဖွင့်ဖောက်စစ်ဆေးခြင်း ၊ ပဏာမ တင်ဒါအောင်သူများ စာရင်းကို ကြေညာခဲ့ပြီး တင်ဒါအောင်မြင်သူများအနေဖြင့် သတ်မှတ်ချိန်အတွင်း လုပ်ငန်းခွင်အရောက် ပစ္စည်းများအချိန်မီပို့ဆောင်တင်သွင်းရေး ၊သတ်မှတ်အရည်အသွေးပြည့်မီသောလုပ်ငန်းသုံးပစ္စည်းများတင်သွင်းသွားရန် အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူးက မှာကြားခဲ့ကြောင်းသိရသည်။
ကိုဇွဲ(အညာမြေ)