တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် ပြတိုက်ငယ် (mini museum) သို့ မြို့ရိုးအုတ်ချပ် လာရောက် လှူဒါန်း

တောင်တွင်းကြီး  ဖေဖော်ဝါရီ  ၁၅

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ ပြတိုက်ငယ် (mini museum)တွင် ခင်းကျင်းပြသနိုင်ရန်အတွက် တောင်တွင်းကြီးမြို့ရိုး ကြက်သဲတံခါးအနီးမှ ရရှိသော အလျား ၁ ပေ ၄ လက်မ၊ အနံ ၇ လက်မခွဲကျော်ရှိ ရှေးဟောင်းမြို့ရိုး အုတ်ချပ် (၁) ချပ်အား စာရေးဆရာ ဦးအောင်သက်ဦးက ယနေ့ နံနက်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီး မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ ပြတိုက်ငယ် (mini museum) တွင် အင်း၀ခေတ်သုံး လက်လုပ်မြေဆေးတံများ၊ ရှေးဟောင်းလက်လုပ် အုတ်ချပ်၊ ရှေးခေတ်ဓာတ်ပြားဟောင်းများ၊ ကထာပါဠိပေထုပ်၊ ရွှေစက်တော်သမိုင်းပေထုပ်၊ ပရပိုက်၊ ဘိက္ခုပါစိတ်ပါဠိပေထုပ်၊ ပျူခေတ်ပယင်းနားဋောင်းများ၊ ရတနာပုံဒေါင်းဒင်္ဂါး၊ အိုးလုပ်ရာတွင် အသုံးပြုသည့် လက်ခက်များ၊ ဒေသထွက်အိုးများ၊ တောင်တွင်းကြီးမြို့နယ်အတွင်း အထင်ကရ မှတ်တမ်းဓါတ်ပုံများ၊ အထင်ကရပုဂ္ဂိုလ်များ၏ မှတ်တမ်းဓါတ်ပုံများ၊ ဒေသဆိုင်ရာအချက်အလက်များနှင့် ပေလေးပင်ရှင်လေးပါး အတ္ထုပ္ပတ္တိအကျဉ်းများကို ခင်းကျင်းပြသထား ကြောင်း သိရသည်။

အေးမိုးမိုးမြင့်