ပလောက်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါအသိပညာပေး နှိုးဆော်ခြင်း ဆောင်ရွက်

ပလောက်  ဖေဖော်ဝါရီ   ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး  လုပ်ငန်များတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာ ပေးနှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်လှည့်လည် နှိုးဆော်ခဲ့သည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်းနှင့်အတူ အာဆီယံနိုင်ငံတစ်ခုဆီသို့ ရောက်ရှိလာပြီဖြစ်၍  မိမိတို့နိုင်ငံနှင့် နီးကပ်လာလျက် ရှိနေပြီဖြစ်ခြင်း၊ အိုမီခရွန် မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိကာကွယ်ဆေးများ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့်  ပြည်သူလူထုအနေဖြင့်  ပြင်ပမှဧည့်သည် များလက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့်(၂၀)ကြာဆေး    ကြောရန်၊ လူထူထပ်သည့် နေရာများသို့သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ထား သောသူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်စသည့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်