ကန့်ဘလူ ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ကန့်ဘလူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန စည်ပင်သာယာရေးကော်မတီအဖွဲ့များ ပူးပေါင်း၍ မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၊ ဆေးဆိုင်များ တွင် Covid-19 ရောဂါထိန်းချုပ်ရေးအတွက် အရေးကြီး ကုန်စည်များဖြစ်သည့် ကျန်းမာရေး အထောက် အကူပစ္စည်း Mask ၊ Hand Gel များကို စျေးနှုန်းမြှင့်တင် ရောင်းချမှုများမရှိစေရေး ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ စစ်ဆေးရာတွင် Mask များ၊ Hand Gel များစုပြုံဝယ်ယူထား ရှိပြီး စီးပွားရေးအမြတ်ထုတ်လို သည့် ရည်ရွယ်ချက်ဖြင့် စျေးနှုန်းမြှင့် တင်ရောင်းချမှုမရှိစေရန် မြို့ပေါ်ရှိ ကုန်စုံဆိုင်များ နှင့်ဆေးဆိုင် များတွင် ကွင်းဆင်း စစ်ဆေးခြင်းဖြစ်ကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးဇော်မင်းသိန်း ထံမှသိရသည်။
Mask၊ Hand Gel များကို မန္တလေးမှ မှာယူရကြောင်း၊ Mask အခု ၅၀ ပါတစ်ထုပ်လျှင် ကျပ် ၂၈၀၀/၃၀၀၀ ဖြင့်ဝယ်ယူရကြောင်း၊ Mask တစ်ခုလျှင် ကျပ် ၁၀၀/၂၀၀ စျေးနှုန်းရှိကြောင်း၊ Hand Gel မှာ အရည်အသွေးပေါ်မူတည်၍ စျေးနှုန်းကွဲပြားပြီး Hand Gel(500)ml ဗူးတစ်ဗူး လျှင် ကျပ် ၅၅၀၀ မှ ၆၅၀၀ ရှိ ကြောင်း၊ Hand Gel (250/100 /50)ml ဗူးလတ်၊ဗူးသေးများမှာလည်း ကျပ် ၅၀၀မှ ၃၀၀၀ အထိရှိကြောင်း ကွင်းဆင်း စစ်ဆေးမေးမြန်းသိရပြီး စျေးနှုန်း မြှင့်တင် ရောင်းချမှုမရှိစေရန်နှင့်မ ဖြစ်ပေါ် စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်းသိရသည်။
အလားတူ အဆိုပါနေ့က ကျွန်းလှမြို့ ကုန်စုံဆိုင်များနှင့် ဆေးဆိုင် များတွင်လည်း ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)