ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

ဇီးကုန်း     ဖေဖော်ဝါရီ     ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ကလည်း မြို့နယ်မီးသတ်ဦးစီး ဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အတွက် နေအိမ်ပြင်ပသို့ သွားလာရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျလုံခြုံစွာတပ်ဆင်ကြရန်၊ လက်ကို မကြာခဏဆေးကြောရန်၊ မလိုအပ်ဘဲ လူစုလူဝေးရှိသည့်နေရာများသို့ သွားလာခြင်းမပြုကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊ ဟောင်းနွမ်း maskကို မတပ်ဆင်ကြရန်၊ ရောဂါကူးစက်ခံရပါ နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက်ဆေးကူသမှု ခံယူကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)