သရက်ချောင်း ဖေဖော်ဝါရီ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်)ရောဂါပိုးကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်း ပါဝင်ကြရန်ရည်ရွယ်၍ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး၏ကြီးကြပ်မှုဖြင့် ယနေ့နံနက်(၈:၀၀) နာရီအချိန်က သရက်ချောင်းမြို့၊ ထားဝယ်-မြိတ်အဝေးပြေး ကားလမ်းမပေါ် ဖြတ်သန်း သွားလာသော ခရီးသွားပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန့်ဝေ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေး လက်ကမ်းစာစောင်တွင် ပါဝင်သောအချက်များမှာ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်)ရောဂါ ကူးစက်မှုမှကာကွယ်ရန် မပျက်မကွက် လုပ်ဆောင်ရမည့် အချက်များ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် တစ်ဦးနှင့် တစ်ဦးအချင်းချင်း အသိပေး/သတိပေးပြောကြားရမည့်အချက်များ၊ အသွား အလာ တားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြားနေထိုင်စေခြင်း (Quarantine) လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်း ပါဝင်ခြင်းဖြင့် ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်ပါ၊ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ရုတ်တရက် အနံ့အရသာ ပျောက်ဆုံးခြင်း လက္ခဏာပေါ်ပေါက်ပါက စောစီးစွာ ကုသမှုခံယူပါ၊ မပြင်းထန်သော ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ပါ၊ အိပ်ရေးဝဝအိပ်ပါ၊ အာဟာရ ပြည့်ဝစွာ စားသုံးပါ၊ ကောလဟလသတင်းများကို လုံးဝမယုံပါနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် နိုင်ငံပိုင်မီဒီယာများမှ သတင်းများ/လမ်းညွှန်ချက်များကိုသာ ယုံကြည်လိုက်နာပါ၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျလုံခြုံစွာ တပ်ဆင်ပါစသော အချက်များပါဝင်ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းအောင်ကျော်နှင့် သက်ဆိုင်ရာ ဌာနများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နန်းခလိုက်(သရက်ချောင်း)