ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများ ထားရှိမည့် Quarantine Centre ကြိုတင်ပြင်ဆင်ထားမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပွင့်ဖြူ ဖေဖော်ဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ အန္တရာယ် ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် ပိုးတွေ့အတည်ပြုလူနာများအား စနစ်တကျ ထားရှိနိုင်ရေး Quarantine Centre ကြိုတင်ပြင်ဆင်ထားမှု အခြေအနေအား ယမန်နေ့ ညနေ ၄ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို ဆွေးနွေးမှာကြားခဲ့သည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာများ တွေ့ရှိမှုများပြားလာပါက စနစ်တကျ ထားရှိနိုင်ရေး ပွင့်ဖြူမြို့နယ် သက်သာပန်းတောင်းကျေးရွာအနီး (AAE) မျိုးကောင်းမျိုးသန့် ထုတ်လုပ်ရေးကုမ္ပဏီပိုင် အဆောက်အဦ (၄)လုံးအား (Quarantine Centre) အဖြစ် ကြိုတင် ပြင်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးရာ  တာဝန်ရှိသူများက အဆောက်အဦအတွင်း လူဦးရေဝင်ဆံ့မှု အခြေအနေများ၊ လူနာများအတွက် လေကောင် းလေသန့်ရရှိရေးနှင့် လုံလောက်စွာ ရေရှိအောင် ဆောင်ရွက်ထားရှိမှုများ၊ လျှပ်စစ်မီးရရှိရေးအတွက် ပြင်ဆင်ပေးရမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက Quarantine Centre တွင် ပြင်ဆင်ထားရှိမှုနှင့် ပတ်သက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)