နတ်မောက် ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ကျင်းပခဲ့သည်။
ရှေးဦးစွာ နတ်မောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က ကာကွယ်ဆေးများထိုးနှံပေးရာတွင် အဆင်ပြေချောမွေ့စွာထိုးနှံနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခြင်း၊ လက်ရှိဆေးထိုးနေမှုအခြေအနေများ အားချပြ ရှင်းလင်းခြင်းနှင့် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံထားသော အထောက်အထားများ စစ်ဆေးဆောင်ရွက်သွားရန်၊ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ပိတ်ရက်မရှိဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးအကြောင်းအရာများ နှိုးဆော်ခြင်းလုပ်ငန်းများ၊ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ တစ်ပတ်လျှင် (၃)ကြိမ် အသိပညာပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်မှာကြားခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသော မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။
လှဝင်း
မြို့နယ် (ပြန်/ဆက်)