သထုံမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

သထုံ ဖေဖော်ဝါရီ ၁၅ 

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံကာ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး စသည့်ကိစ္စရပ်များအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့၊ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်က မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မူးယစ်ဆေးဝါးရောင်းချသုံးစွဲမှုများ ဖမ်းဆီးအရေးယူရေး၊ မြို့နယ်အတွင်းယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ အကြမ်းဖက်ကိစ္စရပ်များမဖြစ်ပွားစေရေးအတွက်ကြိုတင်ကာကွယ်ရေး၊ မြို့နယ်အတွင်းရှိသဘာဝဓာတ်‌ငွေ့ပိုက်လိုင်းများ၊ မီးရထားလမ်း၊ အမြန်လမ်း၊ တံတားများ၊ ဆက်သွယ်ရေးတာဝါတိုင်များတို့ အကြမ်းဖက်ဖျက်ဆီးခံရမှုမရှိ‌‌စေရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သုံးလအထက်ထိုးနှံပြီးစီးသူများကို ထပ်ဆောင်း Booster Dose အဖြစ် ထပ်မံထိုးနှံနိုင်ခြင်းအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသိ‌ပေးနှိုးဆော်ရေး၊ မိမိတို့ ရပ်ရွာအတွင်း သောက်သုံးရေရှားပါးမှုမရှိအောင် စနစ်တကျစီမံဆောင်ရွက်ထားရှိရေး စသည့် ကိစ္စရပ်များအားဆွေးနွေးရာ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူတို့က ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များတို့ကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။ 

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး‌ရေးကဏ္ဍကြီးကြပ်အဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီဝင်များ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ စာရေးဝန်ထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ကိုကိုဦး(ခရိုင်ပြန်/ဆက်)