စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(ပထမ)အကြိမ် ထမနဲထိုး ပြိုင်ပွဲကျင်းပ

မုံရွာ   ဖေဖော်ဝါရီ   ၁၅

စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(ပထမ)အကြိမ် ထမနဲထိုး ပြိုင်ပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီက အဆိုပါရုံးဝင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းလွင်က ထမနဲထိုးခြင်းမှာ ရှေးမြန်မာမင်းများလက်ထက်ကပင် ကျင်းပခဲ့ကြသည့် (၁၂)လရာသီ ပွဲတော်များ အနက်မှ တပို့တွဲလတွင်ကျင်းပရသည့် ပွဲတော် ဖြစ်တာကြောင့် ထမနဲထိုးပြိုင်ပွဲကို မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့ကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တက်စေရန်၊ အချင်းချင်းစည်းလုံးညီညွတ်မှုဖြင့် တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်တတ်ကြစေရန်နှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် အစဉ်အလာကောင်းများထားရှိပေးနိုင်ရန်ရည်ရွယ်၍  တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်ရုံးများမှ ပြိုင်ပွဲအသင်းသား၊အသင်း သူများကို ဖိတ်ခေါ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်းနှင့်  ပြိုင်ပွဲဝင်များအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ ကြိုးစားယှဉ်ပြိုင်ကြပါလို့ တိုက်တွန်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ထမနဲပြိုင်ကိုကျင်းပရာ ပြိုင်ပွဲဝင် တိုင်းဒေသကြီး၊ ခရိုင်၊ မြိူ့နယ်အသင်းများက တိုင်းဒေသကြီး ဦးစီးမှူးနှင့် ဒိုင်အဖွဲ့ကို မိတ်ဆက်ခဲ့ကြပြီး ပြိုင်ပွဲယဉ်ပြိုင်နေမှုတို့အား တိုင်းဒေသကြီးဦးစီးမှူးနှင့်အတူ အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိ သူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများ၏  ထမနဲများအား အမှတ်ပေးဒိုင်များက မြည်းစမ်း၍ သတ်မှတ် စည်းကမ်းချက်များနှင့် အညီ  ပထမ၊ဒုတိယ၊တတိယဆုများရွေးချယ်ခဲ့ကြပြီးနောက်  ပထမဆုရ ခရိုင်အသင်းကို တိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းလွင်ကလည်းကောင်း၊ ဒုတိယဆုရ တိုင်းဒေသကြီးအသင်းကို တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းစိုးမင်းက လည်းကောင်း၊ တတိယဆုရ မြို့နယ်အသင်းကို ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းခိုင်က လည်းကောင်း အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)