ဘိုကလေး ဖေဖော်ဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချိုကြည်သာသနာ့ဗိမာန်တော်တွင် ဘိုကလေးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ASEAN AHA Centerတို့ပူးပေါင်း၍ ယမန်နေ့ နေ့လည်(၁)နာရီ၌ ဘိုကလေးမြို့ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ၊ ကျေးလက်ကျန်းမာရေး ဌာန(၂) ခု၊ ကျေးလက်ကျန်းမာရေးဌာန ခွဲ(၇)ခုနှင့် ဘိုကလေးမြို့နယ်အတွင်းမှ ကျေးရွာ(၃၉)ရွာတို့အား အောက်ဆီဂျင် Concentrator (၁၀)လီတာစက်များနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်း များ လှူဒါန်းပေးအပ်ခဲ့သည်။
လှူဒါန်းပေးအပ်ခြင်း အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဗိုလ်မှူးအောင်ဇော်သင်းက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးသက်နိုင်က ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်ရခြင်းအကြောင်းနှင့် ၎င်းတို့တပ်ဖွဲ့ အနေဖြင့် လွန်ခဲ့သည်(၃)နှစ်တာကာလမှစ၍ ယခုချိန်ထိ ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းစဉ်များ အကြောင်းရှင်းလင်း တင်ပြခဲ့သည်။
ဆက်လက်၍ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာနများနှင့် ကျေးရွာ(၃၉) ရွာတို့အား စုစုပေါင်း KN-95 Mask(နှာခေါင်းစည်း) (၁၅၀၀)ခု၊ PPE ဝတ်စုံ(၁၅၀၀)စုံ၊ လက်အိတ်(၈၀၀)စုံနှင့် အောက်ဆီဂျင် Concentrator (၁၀)လီတာစက်(၈)လုံး ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်း နှင့် အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ မြို့နယ် ကုတင်(၁၀၀)ဆေးရုံနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျေးလက်ကျန်းမာရေး အဖွဲ့များနှင့် ကြက်ခြေနီစေတနာ့လုပ်အားရှင်များ တက်ရောက်ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)